တော်လှန်ရေး
ဤသင်္ခါရလောကတွင် မြင်မြင်သမျှသော သက်ရှိသက်မဲ့ ဟူသမျှတို့သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲလျက်ရှိကြသည်။ ထို ပြောင်းလဲသောသဘောကို ဆင်ခြင်ကြံဆကြသော သိပ္ပံပညာရှင် တို့သည် ထိုထိုသော သဘာဝတ္ထပြောင်းလဲမှုတို့ကို ဆင့်ကဲဖြစ် ခြင်းဟူသော အီဗော်လျူရှင်နှင့် ဆင့်ကဲဖြစ်သည့် သဘောကို ကျော်လွန်၍ တမုဟုတ်ခြင်း ပြောင်းလဲခြင်းဟူသော ရီဗော်လျူ ရှင်ဟူ၍ နှစ်မျိုးခွဲခြားပြကြကုန်သည်။ ဆိုခဲ့ပြီးသော သက်ရှိ သက်မဲ့ ရုပ်ဝတ္ထုတို့၏ ပြောင်းလဲမှုနှင့် အလားတူစွာ လူ့ဘောင် အဖွဲ့ အစည်း၌လည်း ပြောင်းလဲမှုသဘောတရားတို့ ရှိကြကုန် သည်။ ထိုပြောင်းလဲမှုတို့သည် လူမှုရေးပြောင်းလဲမှု များဖြစ် သည်။ လူမှုရေး ပြောင်းလဲမှု၌လည်း ဆင့်ကဲဖြစ်ခြင်းဟူသော အီဗော်လျူရှင်နှင့် တမုဟုတ်ခြင်း ပြောင်းလဲခြင်းဟူသော ရီဗော် လျူရှင်ဟုရှိသည်။ ထိုရီဗော်လျူရှင်ဟူသော ဝေါဟာရကို မြန်မာဘာသာဖြင့် ယခုအခါ တော်လှန်ရေးဟု ခေါ်ဝေါ်ကြ သည်။
တော်လှန်ရေးသည် နိုင်ငံရေးသဘောလည်း သက်ရောက်နိုင် သည်။ လူမှုရေးသဘောလည်း သက်ရောက်နိုင်သည်။ နိုင်ငံရေး သဘောသက်ရောက်သည့်အခါ အုပ်ချုပ်သူကို၎င်း၊ အုပ်ချုပ်ရေး အသွင်သဏ္ဌာန်ကို၎င်း အကြမ်းဘက်ကာ တမုဟုတ်ခြင်းပြောင်း လဲပေးခြင်းဖြစ်သည်။ လူဟောင်း၊ စံနစ်ဟောင်းကို လူသစ်၊ စံနစ်သစ်ဖြင့် အစားထိုးခြင်းသဘောဖြစ်၏။ အကြမ်းဘက်သည် ဟူရာ၌ အကြမ်းဘက်ခြင်းသည် အဓိကပင် မဟုတ်သော်လည်း ယေဘုယျအားဖြင့်ကား တော်လှန်ရေး၏ အဂင်္ါတစ်ရပ်ကဲ့ သို့ရှိ ချေသည်။ လူမှုရေးသဘော သက်ရောက်သည့်အခါတွင်ကား လူ့လောက၏ စီးပွားရေးအဆောက် အအုံကြီးတွင် အရင်းအမြစ် ကစ၍ တမုဟုတ်ခြင်း ပြုပြင်ပြောင်းလဲပေးမှုများကို ဆိုလိုပေ သည်။ ယင်းကဲ့သို့သော လူမှုတော်လှန်ရေးများသည် နိုင်ငံရေး တော်လှန်ရေးများကဲ့သို့ အကြမ်းနည်းအားဖြင့်လည်း ပေါ်ပေါက် လာနိုင်သည်။ ဗြိတိန်နိုင်ငံ၏ သမိုင်း၌ကဲ့သို့ အေးချမ်းငြိမ်သက် စွာ တဖြည်းဖြည်း ပေါ်ပေါက်လာနိုင်သည်။
၁ရ၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးသည် အဓိက အားဖြင့် နိုင်ငံရေးတော်လှန်ရေးဖြစ်သည်ဟုဆိုနိုင်၍ ၁၉၁ရ ခုနှစ် ရုရှတော်လှန်ရေးကြီးသည် အဓိကအားဖြင့် လူမှုတော် လှန်ရေးဖြစ်သည်ဟု ဆိုနိုင်လေသည်။ သို့သော် စင်စစ်အားဖြင့် ထိုသို့ ယတိပြတ် ပိုင်းခြားကန့်သတ်ရန်မှာ မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် နိုင်ငံရေး တော်လှန်ရေးများတွင် အများအားဖြင့် လူမှုရေးဖြင့် စီးပွာရေးဆိုင်ရာ အကြောင်း ရင်းများ ရှိနေတတ်ပြီးလျှင် လူမှုတော်လှန်ရေးများသည်လည်း ယေဘုယျအားဖြင့် အုပ်ချုပ်ရေးအသွင်သဏ္ဌာန် အသစ်တည် ထောင်ခြင်းဖြင့် စခန်းသိမ်းတတ်သောကြောင့် ဖြစ်လေသည်။
အကယ်၍ တိုင်းပြည် တစ်ပြည်ရှိ အညှဉ်းပန်းခံ အစိတ်အပိုင်း နှင့် မကျေမနပ်ဖြစ်နေသော အစိတ်အပိုင်းများသည် ယင်းတို့၏ နစ်နာချက်များကို ထင်ရှားသိသာအောင်ပြုရန်အတွက်၎င်း၊ အေး ချမ်းစွာ ထိုနစ်နာချက်များကို ပြုပြင်ပေးရန်အတွက်၎င်း၊ တရား ဝင်နည်းလမ်းမရှိခဲ့လျှင် တော်လှန်ရေးသည် ရုတ်တရက် ပေါ် ပေါက်လာဦးမည် မဟုတ်သေးဘဲ ကြန့်ကြာနေဦးမည် ဖြစ်သော် လည်း ပေါ်ပေါက်လာသည့် အခါတွင်ကား ပြင်သစ်နိုင်ငံနှင့် ရုရှနိုင်ငံတို့မှာကဲ့သို့ အကြမ်းဘက်မှု၊ သွေးထွက်သံယိုမှုများ ပါလာမည်မှာ သေချာလေသည်။ အင်အားတောင့်တင်းသော လူလတ်တန်းစားရှိ၍၊ လူထုကိုကိုယ်စားပြုသော အစဉ်အလာ မျိုးလည်းရှိသော ဂရိတ်ဗြိတိန်ကဲ့သို့သော နိုင်ငံမျိုးတွင် တော် လှန်ရေး လှုပ်ရှားမှုသည် ခပ်စောစောပင် ပေါ်ပေါက်လာနိုင် သော်လည်း၊ တိုက်ခိုက်မှု လုံးဝမရှိဘဲ အေးချမ်းငြိမ်သက်စွာ ပင်ပြီးမြောက်အောင်မြင်နိုင်လေသည်။ ဥဒါဟရုဏ်များမှာ ၁၆၈၈ ခုနှစ် သွေးမြေမကျ တော်လှန်မှုနှင့် စက်မှုလက်မှု အရေးပုံတို့ဖြစ်၏။
၁၉ ရာစုနှစ်သည် တော်လှန်ရေးရာစုနှစ်ဟု ခေါ်ဆိုနိုင်ပေ သည်။ မည်သည့်ဥရောပနိုင်ငံမျှ တော်လှန်ရေးသဘောတရား များ၏ စက်ရိပ်နှင့် လုံးလုံးလျားလျား မကင်းခဲ့ချေ။ ၁၈ ရာစု နှစ် နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သည့် ပြင်သစ်တော်လှန်ရေး ကြီးသည် ဥရောပတစ်တိုက်လုံးတွင် အကြီးအကျယ် အကျိုး သက်ရောက်စေခဲ့လေသည်။ တော်လှန်ရေးစာပေများလည်း အထူးတွင်ကျယ်ခဲ့၏။
၁၈၄၈ ခုနှစ်တွင် ပြင်သစ်ဘုရင် လူဝီဖိလစ်အား နန်းစွန့်ရ အောင် ပြုစွမ်းနိုင်သည်အထိ အောင်မြင်ခဲ့သော တော်လှန်ရေး တစ်ရပ် ပါရစ်မြို့၌ ပေါ်ပေါက်ခဲ့ရာမှ နိုင်ငံအများတွင်လည်း တော်လှန်ရေးများ ပေါ်ပေါက်ခဲ့လေသည်။
ယင်းသည့် တော်လှန်ရေးများကြောင့် ဩစတြီးယား-ဟန်ဂေရီ နိုင်ငံမှာကဲ့သို့ တော်လှန်ရေးဖြစ်ပွားရာ နိုင်ငံတိုင်းတွင် ပြည်တွင်း စစ်ပွဲများမဖြစ်ပွားခဲ့ပေ။ သို့သော် လူထုဆူပူလှုပ်ရှားမှု၊ လူထု အကြမ်းဘက်မှုများကား ရှိခဲ့သည်သာ ဖြစ်လေသည်။ ဂျာမနီတွင် ဗစ်ဇမတ်ခေါင်းဆောင်၍၎င်း၊ အီတလီတွင် ဂယ်ရီဗောဒီးနှင့် ကဗူး တို့ခေါင်းဆောင်၍၎င်း တော်လှန်ရေးအစိတ်အပိုင်းများကို အမျိုး သားစည်းလုံးရေးအတွက် လှုပ်ရှားမှုများအဖြစ်သို့ နောက်ဆုံး၌ ပြောင်းလဲပေးခဲ့၏။
ဩစတြီးယားနိုင်ငံတွင် ဟက်စဗတ် ဧကရာဇ်များသည်၎င်း၊ ရုရှ နိုင်ငံတွင် ဇာဧကရာဇ်ဘုရင်များသည်၎င်း တော်လှန်ရေးအစိတ် အပိုင်းများကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့လေသည်။ သို့သော် ရုရှနိုင်ငံတွင် ၁၉၁ရ ခုနှစ်၌ ပိုမိုပြင်းထန်စွာ တစ်ဖန် ပြန်လည် ပေါ်ပေါက်ခဲ့၍ ဇာဘုရင်များ၏ အုပ်ချုပ်ရေးကို အမြစ်ပြုတ်အောင် ဖယ်ရှားသုတ်သင်နိုင်ခဲ့လေသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဂျာမန်တို့လက်အောက် ရောက်ခဲ့ရသည့် ဥရောပနိုင်ငံများတွင် ဖက်ဆစ် ဂျာမန် တော်လှန်ရေးများ ပေါ်ပေါက်ခဲ့သည့်နည်းတူ ဂျပန်တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရသော မြန်မာနိုင်ငံအဝင်အပါ အာရှနိုင်ငံများတွင်လည်း ဖက်ဆစ်ဂျပန်တော်လှန်ရေးများ ပေါ်ပေါက်ခဲ့လေသည်။
ကိုးကား
[ပြင်ဆင်ရန်]မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)